Tuesday 10 May 2011

ပညာအတွက် နိုင်ငံရပ်ခြားသွားလိုစိတ်

ဆရာကြီးနှင့်ဘုန်းကြီးကလည်း ကြိုက်နှစ်သက်သဖြင့် မိဘများထံ သို့ ခွင့်တောင်းလိုက်လေ၏။

အမိဖြစ်သူက သားများအဝေးသို့ ထွက်ခွာသွားမည်ကို အလွန်စိုးရိမ်ရှာသဖြင့် ခွင့်မပေးနိုင်ဟု ပြောလိုက်လေရာ ပေါ်ထွန်းအောင်က “အမေမလွှတ်ချင်နေ ကွန်တော်တို့ဘာသာ ထွက်ပြေးမှာဘဲ” ဟု ဇွတ်ပြောသဖြင့် မိခင်ကြီးမှာ ငိုယို၍ပင် သားနှစ်ယောက်ကို တားမြစ်ရလေသည်။

 တားမြစ်ရုံတွင်မက ဆရာကြီးထံသို့သွား၍ သားနှစ်ယောက်ကထွက်ပြေးမည်ပြောပါသည်။

၎င်းတို့ကို ထွက်မပြေးရအောင် တားပေးပါ။ မတားနိုင်ခဲ့သော် သားများကို ကျောင်းမထားဟု ပြောရလေသည်။

ပေါ်ထွန်းအောင်သည် မိခင်က မည်သို့ပင် ကန့်ကွက်တားမြစ်စေကာမှူ ဘုန်းကြီးထံသို့သွားပြီးလျှင် “ကျွန်တော်တို့ ထွက်ပြေးလာခဲ့ပါမယ်၊ ဘယ်ကိုလာရမယ်ဆိုတာသာ လိပ်စာပေးထားခဲ့ပါ” ဟု တောင်းသဖြင့် ဘုန်းတော်ကြီးက “မင်းတို့သဘောနှင့် မင်းတို့ထွက်လာမယ်ဆိုရင် ငါလက်ခံမယ်” ဟုပြောပြီး လိပ်စာကလေးတစ်စောင် ပေးထားခဲ့လေသည်။

ညီအစ်ကိုနှစ်ယောက်မှာ ဟိုက်စကူးသို့လည်း မိခင်က မအပ်သဖြင့် ပညာဆက်လက် သင်ကြားခွင့်ကို မရခဲ့ပေ။

သို့သော်လည်း အားမလျော့သော ပေါ်ထွန်းအောင်က ညီငယ်နှင့် တိုင်ပင်သည်မှာ “ငါတော့ ကာလကတ္တားကို ထွက်ပြေးမယ်၊ လိုက်မား” ညီငယ်ကလည်း လိုက်လိုကြောင်းပြောသည်။

“သို့သော် အစ်ကိုမှာ စရိတ်ငွေ ဘယ်ကရမလဲ” ဟု မေးသည်။ အစ်ကိုက “ ငါ အကြံပေးသလို မင်းလုပ်ပါ၊ မင်းကအဖွားနှင့်အတူတူအိပ်ရတယ်၊ ညအိပ်တုန်းမှာ အဖွားရဲ့ခါးမှာ ချည်ထားတဲ့ သော့တွဲကို ဟောဒီမောင်းချဓါးနှင့် ဖြတ်ပါ၊ သော့ရတော့ မနက်စောစော သေတ္တာကိုဖွင့်ပြီး တစ်ခုခုရအောင် ငါခိုးပြမယ်” ဟု အကြံပေးလေသည်။

ညီငယ်ကလည်း အစ်ကိုကြီးမှာသည့် အတိုင်းပင် ညအဖွားအိပ်ပျော်နေစဉ် ခါးမှသော့ကြိုးကိုဖြတ်ယူပြီး ပေးလိုက်၏။

နံနက်စောစောလူကြီးတွေမထမီပင် ပေါ်ထွန်းအောင်က သေတ္တာကိုဖွင့်ပြီး ရွှေလက်ကောက်နှစ်ကွင်းကို ခိုးယူထားလေသည်။

ဖွားအေကြီးမှာ အတော်နေမြင့်သောအခါမှ ခါးတွင်သော့မရှိကြော့င်းကိုသိရ၍ ကျော်ထွန်းအောင်ကို ခေါ်ပြီး မေးလေသည်။

ကျော်ထွန်းအောင်ကမှန်သည့်အတိုင်းပြောလေသည်။

ဖွားအေဖြစ်သူက “ငါ့မြေးတွေကို ဖွားဖွားက ပညာကုန်အောင် သင်ပေးပါမယ်။

ဘိလပ်ကိုလဲ ပို့ပေးပါမယ်။ ယူထားရင် ပြန်ပေးပါ” ဟု ချော့မော့ပြောတော့မှပင် ပေါ်ထွန်းအောင်က ယူထားသော လက်ကောက်နှင့်သော့ကိုပြန်ပေးလေသည်။

မိခင်ကမူကား ထိုစကားကိုကြားလိုက်ရလျှင် ရင်နှစ်ခြမ်းကွဲမတတ် သောကတောက်လောင်သွားသဖြင့်
”ဒီ အင်္ဂလိပ်ပညာကို ဆက်သင်ပေးနေရင် ငါ့သားတွေနဲ့ ဝေးရတော့မယ်။

မင်းတို့ကို ဒီကျောင်းမှာလဲမထားဘူး ပညာလဲဆက်မသင်ပေးတော့ဘူ” ဟု ပြောရာ ပေါ်ထွန်းအောင်က “မမေ က ဘယ်လိုဘဲမထားချင်နေပါ ကျွန်တော် ဘယ်လိုဘဲဖြစ်ဖြစ်ရောက်အောင်သွားမှာဘဲ” ဟု ပြော၍ မိခင်မှာမျက်ရည်များပင် ကျရလေ၏ ထို့နောက်မှ မိခင်ဖြစ်သူက ထိုကျောင်းထွင်လည်း ၅-တန်းအထိသာ သင်သဖြင့်ကျောင်းမှထုတ်ပြီး အိမ်တွင်ထားလေသည်။

ဖွားအေ မင်းမအောင်က မူကား မြေးဖြစ်သူတို့ ပညာလိုလားပုံကို သဘောကျသည့်အတိုင်း သားတွေကို ကျောင်းကထုတ်ပြီး အချိန်လစ်ဟင်းအောင်မထားဘဲ ဆက်ပြီးသင်ပေးဘို့ သမီးအား တိုက်တွန်းသည့်တိုင် သမီးက “အမေရယ် အမေ့သားတွေကို ကျွန်မဘယ်လိုပဲ သင်မပေးပေး သူတို့ဟာသူတို့ ထူးထူးချွန်ချွန်တတ်အောင်သင်လိမ့်မယ်ဆိုတာ ကျွန်မယုံကြည်။

ကျွန်မပေါ်ထွန်းအောင်ကို ပထမ သန္ဓေနေတော့ကာ အိမ်မကမက်တာကို အမေဘဲ နိမိတ်ဖတ်တယ် မဟုတ်လား။

ဒီအတိုင်းဆိုရင် ကျွန်မသားဟာ မုချ သူတော်သူမြတ် ဘုန်းကြီး ရဟန်းဖြစ်မှာဘဲ ဒီလိုဖြစ်တာကိုတော့ ကျွန်မလိုလားတယ်။

အစိုးရအမှူတမ်း အရာထမ်းဖြစ်ပြီး ဟိုမြို့ပြောင်းဒီမြီု့ရွေ့ နေရတာကိုတော့ ကျွန်မဘယ်နည်းနဲ့မှ မကျေနပ်လို့ အင်္ဂလိပ်ပညာကိုတော့ ဆက်သင်မပေးတော့ဘူး၊ “ ဟု ဇွတ်အတင်းသာ ငြင်းလေသည်။